စာအုပ် စာပေ လူ့မိတ်ဆွေ

စာအုပ်စာပေ လူ့မိတ်ဆွေ

မိတ်ဆွေကောင်းတို့မည်သည် ချမ်းသာမှုကိုသာ ဆောင်ယူပေးတတ်သည်။ ကောင်းကျိုးကိုသာ ဆောင်ကြဉ်းပေးတတ်သည်။ ဘဝခရီးတွင် လမ်းဆိုးကို ရှောင်ကွင်းနိုင် အောင် ထွန်းပြ၍ လမ်းသာကိုသာ လျှောက်လှမ်းနိုင်အောင် ညွှန်းပြတတ်သည်။ စာအုပ် စာပေသည် ထိုမိတ်ဆွေမျိုး ဖြစ်သည်။ သူက ကျွန်ုပ်တို့ကို အသိအလိမ္မာဉာဏ်ပညာ ဗဟုသုတ ပြည့်စုံသူဖြစ်အောင်လည်း သင်ပြပေးသည်။ တာဝန်သိတတ်သူ တာဝန်ယူတတ် သူ၊ စိတ်နှလုံးကောင်းမြတ်သူ ဖြစ်အောင်လည်း သွန်သင်ပေးသည်။ သတ္တိရှိသူ၊ ရဲရင့်သူ၊ အမှန်တရားကို ကြိုက်နှစ်သက်တတ်သူဖြစ်အောင်လည်း လေ့ကျင့်ပေးသည်။ ကျွန်ုပ်တို့ ထိုင်းမှိုင်းနေသည့်အခါ တက်ကြွလာအောင်၊ ညည်းငွေ့နေသည့်အခါ ပျော်ရွှင်လာအောင်၊ ဝမ်းနည်းနေသည့်အခါ ဖြေဆည်တတ်အောင်၊ စိတ်ဓာတ်ကျနေသည့်အခါ စိတ်အား တက်ကြွလာအောင်၊ အရှုံးကနေ အနိုင်ဖြစ်အောင်၊ ရေစုန်ကိုမျှောမလိုက်ဘဲ ရေဆန်ကို ဆန်တက်ဝံ့အောင် ပြုပြင်ပေးနိုင်သည့် မိတ်ဆွေကောင်း ဖြစ်လေသည်။ ချစ်ခင်မြတ်နိုးစွာ ပေါင်းသင်းအပ်သော မိတ်ဆွေကောင်းလည်း ဖြစ်လေသည်။ ထို့ကြောင့် “စာအုပ်စာပေ လူ့မိတ်ဆွေ” ဟု ဆိုရိုးပြုခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။

စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးတို့ကား များလှစွာ၏။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် အစာအာဟာရကို တောင့်တသကဲ့သို့ ကျွန်ုပ်တို့၏ ဦးနှောက်သည်လည်း တွေးတောကြံစည်ခြင်းဟူသည့် အာဟာရကို အမြဲတောင့်တလျက် ရှိသည်။ စာဖတ်ခြင်း သည် ဦးနှောက်ကို နည်းမှန်လမ်းမှန် အာဟာရတိုက်ကျွေးခြင်း ဖြစ်သည်။ ထိုနည်းဖြင့် ကျွန်ုပ်တို့၏ ဦးနှောက်သည် စွမ်းအင်ပြည့်ဝနေပါလိမ့်မည်။ ကျွန်ုပ်တို့သည် စားဝတ်နေ ရေး၊ ပညာသင်ကြားရေး စသည့်ကိစ္စများ၏ ဖိအားပေးမှုကို နေ့စဉ်ကြုံတွေ့ခံစားနေကြ ရပါသည်။ စိတ်ဖိစီးမှုများ ခံစားကြရသည်။ ထိုဝန်ထုပ်ဝန်ပိုးကို စာဖတ်ခြင်းဖြင့် သက်သာ လွယ်ကူစွာ လျှော့ချဖယ်ရှားပစ်နိုင်ပါသည်။ စာဖတ်သော ကျောင်းသားသည် ကြွယ်ဝ သောဗဟုသုတ ရှိသဖြင့် ခက်ခဲသောမေးခွန်းများကိုပင် လွယ်ကူစွာ ဖြေဆိုနိုင်ပါလိမ့်မည်။ စာဖတ်သော လုပ်ငန်းရှင်သည် ကြုံလာသော ပြဿနာများကို ကြွယ်ဝသောဗဟုသုတဖြင့် မှန်ကန်အောင် ဖြေရှင်းနိုင်ပါလိမ့်မည်။ စာဖတ်သူသည် စကားပြောကောင်းသူလည်း ဖြစ်လာ ပါလိမ့်မည်။ “နှုတ်ကောင်းပြည်စိုး” ဆိုသည်မှာ စာဖတ်သူမှသာ ဖြစ်နိုင်သည်။ စာဖတ်သူ 
သည် မှတ်မိနိုင်စွမ်းလည်း မြင့်မားလာပါလိမ့်မည်။ တွေးခေါ်စဉ်းစားမှုလည်း အားကောင်း လာတတ်သည်။ အာရုံစူးစိုက်မှုလည်း ထက်မြက်လာတတ်သည်။ လူအများကို ယုံကြည်ကိုး စားမှုကို ခံယူနိုင်သူများမှာ စာဖတ်သူများသာ ဖြစ်လေသည်။

ကျွန်ုပ်တို့သည် အားလပ်သောအချိန်ရလျှင် မိတ်ဆွေတစ်ဦးဦးနှင့် စကားစမြည် ပြောရသည်ကို မွေ ့လျော်ကြပါသည်။ “အလုံးစုံသော မွေ့ လျော်ခြင်းတို့တွင် စာအုပ် စာပေဖြင့် မွေ့လျော်ခြင်းသည် အမြတ်ဆုံး ဖြစ်၏” ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဆိုမိန့်ခဲ့ပါသည်။ စာအုပ်ဖတ်ရခြင်းသည် မိတ်ဆွေနှင့် စကားပြောရသကဲ့သို့ပင် အရသာ ရှိလှသလို အချိန်ကို အကျိုးရှိစွာ အသုံးချခြင်းလည်း မည်ပါသည်။ အင်္ဂလန်နိုင်ငံရေး လောကတွင် ထင်ရှားလှသော အမတ်ကြီးဂလက်စတုန်းသည် အားလပ်ချိန်များကို အလကား မဖြစ်ရအောင် စာအုပ်တစ်အုပ်ကို ကိုယ်နှင့်မကွာ အမြဲဆောင်ထားသည်ဟု ဆိုပါသည်။ အသက် ၂၄ နှစ်တွင် ပါလီမန်အမတ်ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၆ဝ ကျော် အမတ် အဖြစ် ဆောင်ရွက်ခဲ့သည်။ ပါတီကို ဦးဆောင်မှုပေးနိုင်ခဲ့သည်။ နန်းရင်းဝန်လည်း ဖြစ်ခဲ့ သည်။ ကဝိလက္ခဏာကျမ်းကို ပြုစုခဲ့သော စာဆိုဦးခြိမ့်သည် လက်ဖက်ရည်သောက်ချိန် ပင် အလကားမထား။ တပည့်များက စာဖတ်ပြရသည်။ အိမ်သာတက်နေစဉ်ပင် စာဖတ် သည်ဟု သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း အားလပ်ချိန်များတွင် စာအုပ်ပုံကြား၌ အချိန်ကုန်သည်ဟု ဆိုသည်။ ထို့ကြောင့်လည်း မြန်မာ့လွတ်လပ်ရေးအတွက် မှန်ကန်သော ဦးဆောင်မှုကို ပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းသည် လမ်းလျှောက်ရင်းပင် စာဖတ်သည်ဟု ဆိုပါသည်။ ဆရာကြီး၏ သမိုင်းပညာကို ကမ္ဘာ ကပင် လေးစားဂုဏ်ပြုကြပါသည်။ စာအုပ်ဖတ်သောအချိန်များသည် မိမိဘဝကို စိန်စီသော အချိန်များဟု ဆိုနိုင်ပါသည်။

မိတ်ဆွေစစ်သည် ကိုယ့်မိတ်ဆွေ၏ အကျိုးစီးပွားကို ပျက်စီးအောင် မည်သည့် အခါမျှ မပြုတတ်ပါ။ မိမိကိုယ်ကိုယ် တူးဖြိုသူအဖြစ်နှင့် အကျိုးစီးပွားမဲ့ လုပ်နေလျှင်လည်း မျက်ကွယ်မပြုတတ်၊ လမ်းမှန်ကို ဇွတ်ဆွဲခေါ်တတ်သည်။ စာအုပ်စာပေသည် ထိုကဲ့သို့ မိတ်ဆွေမျိုး ဖြစ်ပါသည်။ လူတကာမုန်းတီးရွံရှာသည့် လူဆိုးကြီးဦအုန်းဖေကို အများက လေးစားချစ်ခင်သည့် ပခုက္ကူဦးအုန်းဖေဟူသည့် စာရေးဆရာကြီး၊ စာကြည့်တိုက်တည် ထောင်သူကြီးဖြစ်အောင် စာအုပ်စာပေက ပြုပြင်ပြောင်းလဲပေးခဲ့သည်။ မိတ်ဆွေစစ်သည် ကိုယ့်မိတ်ဆွေ ဆင်းရဲမွဲတေနေလျှင်လည်း ပစ်မထားတတ်ပါ။ အာလူးစိုက်ခင်း အလုပ် သမားကလေး ဂျွန်ရော့ကဲဖဲလားကို ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီးဖြစ်အောင် မြှင့်တင် ပေးခဲ့သည်မှာလည်း စာအုပ်မိတ်ဆွေကောင်းပင် ဖြစ်ပါသည်။ မိတ်ဆွေစစ်သည် ကိုယ့် မိတ်ဆွေကို နိမ့်ကျသည့်ဘဝမျိုးမှာ ထားခဲ့ရိုးမရှိပါ။ လယ်သမားကလေးငညိုကို ဝန်ဇင်း မင်းရာဇာဆိုသော အမတ်ကြီးဖြစ်အောင်၊ သစ်ခုတ်သမားကလေးလင်ကွန်းကို အမေရိကန် 
သမ္မတလင်ကွန်း ဖြစ်အောင် မြှောက်ပင့်ပေးခဲ့သည်မှာ စာအုပ်မိတ်ဆွေကောင်းပင် ဖြစ်ပါ သည်။ မိတ်ဆွေစစ်သည် ကိုယ့်မိတ်ဆွေကို အခြေအနေမဲ့ဘဝမျိုးမှာ ညှိုးငယ်မနေစေခဲ့ပါ။ ကျောင်းနေခွင့်ပင် မရခဲ့ရှာသည့် အိမ်ခြေယာမဲ့ ဂျက်လန်ဒန်ကို ကမ္ဘာကျော်စာရေးဆရာ ကြီးဂျက်လန်ဒန်ဖြစ်အောင်၊ ဘဝကိုသိမ်ငယ်စွာ ဖြတ်သန်းခဲ့ရသော ချားလ်ဒစ်ကင်းကို ကမ္ဘာကျော်စာရေးဆရာ မီလျံနာသူဌေးကြီးဖြစ်အောင် မြှင့်တင်ပေးခဲ့သည်မှာလည်း စာအုပ်မိတ်ဆွေပင် ဖြစ်ပါသည်။ စာအုပ်မိတ်ဆွေကောင်းသည် ဤသို့လျှင် မိမိတို့ အကျိုးစီး ပွားအသွယ်သွယ်ကို သယ်ဆောင်လာပေးတတ်သူဖြစ်ပါသည်။

စာအုပ်မိတ်ဆွေကောင်းမရှိသူသည် လကွယ်သန်းခေါင် မိုးမှောင်တောလယ်သို့ ရောက်နေသူလို ဘဝမှောင်မိုက်နေပေလိမ့်မည်။ သားရဲပေါသော ကန္တာရတောအုပ်အလယ် တွင် ဖြတ်သန်းနေသူလို ဘေးအန္တရာယ်အသွယ်သွယ် ကြုံရပေလိမ့်မည်။ လှိုင်းလေထန် နေသော သမုဒ္ဒရာအလယ်က လှေငယ်ကလေးပေါ်သို့ ရောက်နေသူပမာ ထိတ်လန့်စိတ် အားငယ်နေရပေလိမ့်မည်။ စာအုပ်မိတ်ဆွေကောင်းကား ဘဝအမှောင်ကို လျှပ်စီးရောင်ဖြင့် ခွင်းပေးသည်။ သားရဲဘေးရန်တို့ကို လက်နက်စကြာဖြင့် ရှင်းပေးသည်။ သမုဒ္ဒရာအလယ် ထိတ်လန့်အားငယ်မနေအောင် သင်္ဘောဖြင့် ခေါ်ဆောင်ပေးပါသည်။ ဘဝလမ်းခရီးကို ခလုတ်မထိ ဆူးမငြိဘဲ စိတ်အေးချမ်းစွာ ဖြတ်သန်းသွားလာလိုသူတိုင်း စာအုပ်မိတ်ဆွေ ကောင်းကို မြတ်နိုးစွာ ဖတ်ရှုပေါင်းသင်းအပ်ပါသတည်း။

စာရေးသူ။  #ဦးမြင့်ဇော် (#ရွှေတံခါး)
Previous Post Next Post